စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, April 15, 2014

#တာတေရေးတဲ့မဖဲဝါစာအုပ်မှတစ်ပိုင်းတစ်စကောက်နှုတ်ချက်#



အခုတလော ဘန့်ဘွေးကုန်းရွာသားတွေနဲ့ ငွေတွင်းကုန်းရွာသားတွေ တောတော ဒုက္ခရောက်နေကြတယ်ဗျ။ဒီသတင်းကတော့ တော်တော်ကို ကျော်နေပြီဗျို့။မြို့သွားတဲ့ လှည်းလမ်းမှာ တစ္ဆေခြောက်လို့တဲ့။

တိုက်ပျက်ကြီးထဲကို တစ္ဆေတစ်ကောင် ရောက်လာတယ်။အဲ့ဒီတစ္ဆေက တစ်ခါတစ်ခါကျရင် ဘန့်ဘွေးကုန်း လမ်းဘက်ထွက်လာပြီး မြို့ကို သွားတဲ့လူတွေ လှည်းတွေကို ခြောက်တယ်ဗျ။တစ်ခါတစ်ခါကျတော့လည်း ငွေတွင်းကုန်းလမ်းဘက်ထွက်ပြီး ငွေတွင်းကုန်း ရွာသားတွေကို ခြောက်တယ်ဗျ။တစ်ဖြည်းဖြည်းနဲ့ ဘန့်ဘွေးကုန်းသားတွေရော ငွေတွင်းကုန်းသားတွေပါ မြို့ကိုသွားရမှာ တော်တော် ကြောက်နေကြတယ်။ဒီလမ်းကလည်း ဒီတစ်လမ်းပဲ ရှိတာဗျ။
ဒီတစ္ဆေခြောက်ပုံ ခြောက်နည်းတွေကလည်း တော်တော် တော့ဆန်းသားဗျို့။

ကြုံတဲ့သူက ဘန့်ဘွေးကုန်းက ကိုမိုးသီးနဲ့ ကိုပေါက်ဗျ။ ဒီလူနှစ်ယောက်က ကြက်သမားတွေလေ။အမြဲတမ်း ကြက်ကောင်းရှာတယ်။ရရင် အရိပ်တကြည့်ကြည့်နဲ့ မွေးတယ်။အရွယ်ကောင်းရောက်ပြီဆိုတော့ ဟိုရွာဒီရွာ လှည့်ပြီး ကြက်တိုက်တော့တာဗျ။
အဲ့ဒီနေ့ မြို့တက်ပြီး တိုက်လာတာဗျ။ ကြက်နိုင်ပြီး သောက်စားလာတာပေါ့။ နှစ်ယောက်သား ကြက်ကလည်းနိုင်၊ ငွေစကြေးစလေးကလဲ ရွှင်နေတော့ အပြန်လမ်းမှာ ပုလင်းလေးက လည်းပါလာသေးသဗျ။ နှစ်ယောက်သား သီချင်းအော်ဆိုလိုက် ပုလင်းလေး မော့လိုက်နဲ့ အာဝိဇ္ဇာန်းကို ရွှင်နေတာဗျို့။ မိုးချုပ်လို့ ချုပ်မှန်းကို မသိကြတာ။
" ဟိုတောင်ဆီရယ်က ညိုတိုတို၊ညိုတိုတိုရယ် "
ကိုပေါက်က သံနေသံထား နဲ့ စိန်အောင်မင်းသီချင်း အော်ဆိုတယ်။တောထဲ ကလည်း ကိုပေါက် ဆိုတဲ့အတိုင်းကို လိုက်ဆိုတာဗျို့၊
" ဟာ ကြည့်စမ်း၊ ငပေါက်၊ဒါ မင်းကို လိုက်နောက်နေတာ ကွ၊ ဒီကောင့်ကို တွေ့အောင်ရှာ ပြီး တွယ်လိုက်ရအောင် "
" နေစမ်းပါဦး ကိုမိုးသီးရာ ၊ ကျုပ်တို့အသိမို့ နောက်တာရှိမှာပါ။ မသိတဲ့လူက နောက်မလားဗျ "
" ဟ ငပေါက် အချိန်ကိုလည်း ကြည့်ဦး၊ တော်တော်မိုးချုပ်နေပြီကွ ၊ အသိဆိုရင် နှုတ်ဆက်မှာပေါ့၊ ကဲ မင်းထပ်ဆိုကြည့်စမ်း ကွာ "
" ဟိုတောင်ဆီရယ်က ညိုတိုတို ၊ ညိုတိုတိုရယ် "
ကိုပေါက်က စိန်အောင်မင်း သီချင်းကို သံနေသံထားနဲ့ ထပ်ဆို လိုက်သတဲ့။
" ဟိုတောင်ဆီရယ်က ညိုတိုတို၊ညိုတိုတို ရယ်"
ဟော တောထဲကအသံကလည်း သူ့လိုပဲ သံနေသံထားနဲ့ လိုက်ဆိုတာတဲ့ ဗျို့။ဒီမှာတင် ကိုမိုးသီးက အရက်ကလည်းထွေနေတော့....
" ဟေ့ ဘယ်ခွေးသားလဲကွ၊ ငါတို့ကို လိုက်နောက်နေတာ "
ကို မိုးသီးအသံက မူးနေတဲ့ အသံကြီးတဲ့ဗျ။
" ဟေ ဘယ်ခွေးသားလဲကွ၊ ငါတို့ကို လိုက်နောက်နေတာ "
ဟိုကလဲ ကိုမိုးသီးလိုပဲ၊ မူးနေတဲ့ အသံကြီးနဲ့ လိုက်အော်တာပဲ တဲ့ ဗျ။
" ဟေ့ကောင် မင်းပုန်းပြီးတော့ မနောက်နဲ့ ၊ သတ္တိရှိရင် ဒီကိုထွက်ခဲ့ "
ဒီတစ်ခါတော့ အသံက ငြိမ်နေတယ်ဗျ။ဒီမှာတင် ကိုပေါက်က သိပ်ပြီးမင်္ကာတော့ဘူးတဲ့ ဗျို့။ဒါနဲ့ ကိုပေါက်က...
"ကိုမိုးသီး လာပါဗျာ၊ သွားကြရအောင် "
လို့ ကိုမိုးသီးကိုခေါ်တယ်။
" နေစမ်းပါ ငပေါက်ရာ ၊ ရော့ ဒီကြက်ကို မင်းပွေ့ထားစမ်း၊ ဒီကောင့်ကို ငါရအောင် ခေါ်ထုတ်ပြီး ဆော်စမ်းမယ် "
သူပွေ့ထားတဲ့ တိုက်ကြက်ကြီးကို ကိုပေါက်ဆီ လှမ်းပေးပြီး ပုဆိုးကို တိုတိုပြင်ဝတ်လိုက်တယ်တဲ့။
" ဟေ့ကောင် ကမြင်းမသား၊ မင်းသတ္တိရှိရင် အခုထွက်လာခဲ့စမ်း ၊ မင်းနဲ့ ငါနဲ့ တစ်ယောက်ချင်းချမယ်၊ မင်းကများ လူကို နောက်လားပြောင်လားနဲ့ ဘာကောင်လဲ ၊ အခုထွက်ခဲ့စမ်းကွာ "
ကိုမိုးသီး အဲ့ဒီလိုပြောလိုက်တော့ အနီးနားက သစ်ပင်တွေဟာ....
" ဝီ ဝီ ဝီ "
ဆိုပြီး ယိမ်းခါသွားတယ်ဗျ။ လေအေးတစ်ချက် တိုက်လိုက်တာ အေးစိမ့်သွားတာဆိုပဲ ။
" ဘုတ် "
သူတို့နဲ့ မလှမ်းမကမ်း မှာတစ်ခုခု ပြုတ်ကျလာသံ ကြားလိုက်တော့ နှစ်ယောက်သား နောက်ကိုလှည့်ကြည့်လိုက်တယ်ဗျ။
" ဟ ဘာကောင်လေးလဲကွ ၊ တစ်တောင်လောက်ပဲ ရှိတယ် "
လို့ ကိုမိုးသီးက ပြောပြီးကြည့်လိုက်တော့....
" ဟိုတောင်ဆီရယ်က ညိုတိုတို၊ညိုတိုတိုရယ် "
ဆိုပြီး သီချင်းအော်ဆိုတာဗျို့။
" ဪ လက်စသတ်တော့ မင်းကို "
လို့ပြောပြီး ကိုမိုးသီးက ဒေါသတကြီးနဲ့ ရှေ့ကို တိုးသွားတော့ ကိုပေါက်က အတင်းကို လှမ်းဆွဲထားရတာတဲ့ဗျ။
သူတို့နှစ်ယောက် ဆွဲကြ လွဲကြ လုပ်နေတုန်းမှာ တစ်တောင်လောက်ရှိတဲ့ လူသေးသေးလေးကနေ တစ်ဖြည်းဖြည်း ကြီးလာတာတဲ့ ဗျို့။ခေါင်းကြီးကလဲ အကြီးကြီးပဲ တဲ့။ ပါးစပ်ကလဲ ပြဲပြဲကြီး ဆိုပဲ၊ ကိုမိုးသီးနဲ့ ကိုပေါက် လည်းကြက်သေ,သေ ပြီး ကြည့်နေရာကနေ ကိုမိုးသီးက အရင်သတိပြန်ဝင်လာတာဗျ။
" ဟေ့ကောင် ငပေါက် ပြေး ပြေး "
ဆိုပြီး သူကိုယ်တိုင်လည်းနောက်လှည့်ပြီးပြေးတော့တာတဲ့ဗျို့။လက်ထဲကအရက်ပုလင်းကို လွှတ်ချထား ခဲ့ရောတဲ့။
သူတို့နှစ်ယောက် နည်းနည်းပြေးပြီးတော့ ကိုပေါက်က နောက်ကို စိတ်မချလို့ လှည့်ကြည့်လိုက်တယ်တဲ့။ အောင်မယ် တစ္ဆေက သူတို့ပစ်ချထားတဲ့ အရက်ပုလင်းကို အကျအန မော့နေတာဗျို့။ အရွယ်ကလဲ လူပုံမှန်အရွယ်ပဲတဲ့ ၊ အဝေးက ကြည့်ရလို့လားတော့မသိဘူး၊ ခပ်ဖြူဖြူကြီးတဲ့ ဗျ။ အရက်ပုလင်းကို အားရပါးရမော့နေတာတဲ့။
ကိုမိုးသီးနဲ့ ကိုပေါက်လည်း ကြက်ကြီးပွေ့ပြီး မနားတမ်းပြေးကြတာ ဘန့်ဘွေးကုန်းကိုရောက်တော့ အမောဆို့မတတ်ပဲတဲ့ ဗျ။ အိမ်ရောက်တော့ ကြက်ကိုပစ်ချပြီး အိပ်ပျော်သွားကြတာ နောက်တစ်နေ့ ညနေမှ နိုးလာကြတယ်။

အားရင် ဘယ်သူတွေ ဘယ်လိုခြောက်ခံရသေးတယ်၊တစ္ဆေကို ဘယ်လိုမောင်းထုတ်တယ် ဆိုတာ ထပ်ရေးပြသွားပါ့မယ်

အားလုံး မင်္ဂလာ နှစ်သစ်ကူး ပါ။
သင်္ကြန် အကြတ်နေ့မှာ ပျော်နိုင်ကြပါစေဗျာ။

#သရဲလေး....sky#


No comments:

Post a Comment