Monday, March 24, 2014
ကြွေချိန်မကျ မကြွေရ
ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းဒေသ တောင်ဂုံးတဲရွာမှ ဦးဘမောင် ၊ ဒေါ်ခင်အေးတို့၏သား မောင်ထူးသာ ၁၄နှစ်သားအရွယ်၏ ငရဲပြန်ဖြစ်ရပ်မှန် ဇတ်လမ်းတစ်ပုဒ်ကို ဖော်ထုတ်တင်ပြလိုက်ပါသည်။
ဆောင်းနှောင်းကာလ တစ်နေ့တွင် ထူးသာသည် ဖခင် နှင့်အတူ ပဲခူးရိုးမတောင်ပေါ်သို့ ၀ါးခုတ်လိုက်ခဲ့ပါသည်။ တောင်ပေါ်မှအပြန် ထူးသာ တောင်ပေါ်ငှက်ဖျားစွဲ၍ ဖျားနာပြီး သတိလစ်မေ့မြောသွားခဲ့၏။
၎ရက်ခန့် ကြာသွားပြီးဖြစ်၍ မိဘများက ထူးသာသေဆုံးသွားပြီ အထင်နှင့် ရွာရှိလူကြီး ၊ လူငယ်များနှင့် တိုင်ပင်ပြီး ထူးသာ၏ အသုဘဈာပနကို နောက်တစ်ရက်ခန့်တွင် သဂြိင်္ုဟ်ရန် စီမံခဲ့ပါသည်။ လက်သမားများက ခေါင်းရိုက်၍ ထူးသာ၏ အသုဘရုပ်အလောင်းကို ခေါင်းတလားထဲထည့်ကာ သဂြိင်္ုဟ်ရန် အဆင်သင့် ပြင်ဆင်ထားကြသည်။ ထိုအချိန်တွင် ထူးသာသည် အသက်မသေသေးဘဲမေ့မြောနေခြင်းသာ ဖြစ်သည်။
မေ့မြောနေစဉ် ထူးသာသည် သူ့ကိုယ်မှ ထွက်၍ အပြင်တစ်နေရာသို့ လမ်းလျောက်ထွက်ခဲ့ရာ လျှောက်ရင်း လျှောက်ရင်း ဘယ်ကိုရောက်လာမှန်မသိ တစ်ခါမှမရောက်ဖူးသေးသော နေရာသစ်တစ်ခုဆီသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကမ်းပေါ်တွင်ထိုင်နေသော ဗလကောင်းကောင်း လူတစ်ယောက်က “မင်းတို့စကားပြောတာ နားထောင်လို့မရဘူး ၊ နားငြီးလိုက်တာ ၊ ကူးတို့ခမပါရင် ရေထဲလက်ပစ်ကူးပြီးသွားကွာ” ဟုပြောပြီး ထူးသာနောက်ကျောကို ဖနောင့်ဖြင့် ဆောင့်ကန်ချလိုက်ရာ ထူးသာမှာမြစ်ရေထဲသို့ ‘၀ုန်း’ ခနဲကျသွားသည်။ ရေမကူးတတ်သော ထူးသာမှာ ရေထဲ ကြောက်ကြောက်ဖြင့် ရုန်းကန်ကူးခတ်နေရင်း လှေနံတစ်ဖက်ကို လက်ဖြင့် ကိုင်မိသွားသည်။ ထူးသာသည် လှေပေါ်လို့ ကုတ်ကပ်တက်ပြီး “ကျွန်တော် ကူးတို့ခ အပြန်ကျရင် ဆက်ဆက်ပေးပါမယ်ဗျာ ။ သနားသဖြင့် ကျွန်တော်ကို ပို့ပေးပါ” ဟုငိုရှိုက်ရင်း လှေသမားကို အသနားခံလိုက်သည်။ လှေသမားလည်း ထူးသာကို သနား၍လားမသိ ဘာမျှခွန်းတုန့်ပြန်မပြောတော့ဘဲ မြစ်ကမ်းတစ်ဖက်သို့ ပို့ဆောင်ပေးလိုက်သည်။
မြစ်ကမ်းပါးပေါ်သို့ ရောက်သောအခါ လွန်ခဲ့သော လပိုင်းအတွင်းက ကွယ်လွန်ခဲ့သော သူတို့ရွာသားတစ်ဦးကို အသက်ရှင်လျက်တွေ့ရသဖြင့် အကြီးအကျယ် ရွှင်လန်းအားတက်သွားပြီး ခေါ်ဝေါ်နှုတ်ဆက်လိုက်လေသည်။ ထိုသူက ထူးသာကိုမှတ်မိသွားပြီး လက်ပြ၍ ထူးသာလည်း ထိုလူသွားရာနောက်ကို အသာကပ်၍ လိုက်သွားခဲ့သည်။ လမ်းဆုံတစ်နေရာတွင် တောင်မြောက်ဘက်သို့ ခွဲထွက်သွားသော လမ်းနှစ်သွယ်ကိုတေ့လိုက်ရသည်။ တစ်လမ်းက ဆူးရစ်ချုံနွယ်ပိတ်ပေါင်းထူးထပ်ပေါများပြီး ကျန်တစ်လမ်းကတော့ ပွဲလမ်းသဘင်သွားသည့် လမ်းလို ပြန့်ပြူးချောမွေ့နေသည်။ ထိုလမ်းအတိုင်းသွားနေကြသော ရှေ့ကလူအုပ်ကြီးကို တွေ့နေရသောကြောင့် အဖေါ်ရပြီဟု ၀မ်းသာသွားပြီး ထိုလူအုပ်ကြီးနောက်သို့ အမှီအပြေးလိုက်သည်။ လူအုပ်ကြီးကိုမှီသွားသောအခါ ထူးသာက အော်ဟစ်နှုတ်ဆက်သော်လည်း လူအုပ်ထဲမှ တစ်ဦးတစ်ယောက်မျှ ခွန်းတုံ့ပြန်ပြောဆိုခြင်းမပြုဘဲ အဖက်မတန်သလို အမူအရာတွေနှင့်ကြည့်ပြီး ရှေ့သို့ ဆက်လက်သွားမြဲသွားနေကြသည်။ အားကိုးတကြီးနှင့် မောပန်းကြီးစွာ ပြေးလိုက်လာခဲ့သော ထူးသာမှာ လူအများကသူ့ကို အဖက်မလုပ်ကြသဖြင့် ၀မ်းနည်းငိုယိုနေမိသည်။
လမ်းတစ်ဖက်သို့ ကြည့်လိုက်သောအခါ တိုက်အိမ်ပုပုလေးတစ်လုံးကို တွေ့၍ ရေအလွန်ငတ်နေသော ထူးသာသည် ရေတောင်းသောက်ရန် ထိုအိမ်သို့ဝင်လိုက်သည်။ အိမ်ပေါက်ဝတွင် ၀တ်ဖြူစင်ကြယ်ဝတ်ထားသော ဆံပင်နှင့် နှုတ်ခမ်းမွှေးများပါ ဖြူစွတ်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရသဖြင့် အဘိုးအိုထံ ရေတောင်းသောက်ရာ အဘိုးအိုက “ဟေ့ကောင်လေး မင်းကိုငါ ရေမတိုက်နိုင်ဘူး ဒီနေရာ မင်းလာရမယ့်နေရာမဟုတ်ဘူး။ သွားပြန်” ဆိုပြီး မာန်မဲထုတ်လိုက်သဖြင့် ထူးသာမှာ ခြံပြင်သို့ထွက်လာခဲ့ရသည်။ သူတွေ့ခဲ့သောသူများကို အနီးအနားတွင် ပြန်ရှာကြည့်သော်လည်း ဘယ်ကိုထွက်သွားရမှန်မသိရ၊ မတွေ့ရတော့၊ ပျောက်သွားပြီ။ သို့ဖြင့် အဖော်မဲ့ထူးသာလေး တစ်ကိုယ်တည်းအားငယ်စွာဖြင့် ခြေဦးတည့်ရာသို့ လျောက်လှမ်းလာခဲ့သည်။
တစ်နေရာတွင် လူစတ်စုကို ထပ်မံတွေ့လိုက်ရပြီး လူပိန်နွဲ့နွဲ့တစ်ယောက်ကို ဗလကြီးကြီး လူနှစ်ယောက်က တင်းပုတ်ကြီးများ ဖြင့် ထုရိုက်နှိပ်စက်နေသည်ကို ကြော်မက်ဖွယ်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဗလကောင်းကောင်လူတစ်ယောက်မှ “ဒီလူက မင်းတို့ဂုံးတဲရွာရဲ့ အနောက်ဖက်က ဆင်ဇလုပ်ရွာကပဲ။ ဘုရားမှာ ဌာပနာထားတဲ့ ကျောက်မျက်ရတနာတစ်လုံးကို ခိုးယူမှုနဲ့ ငရဲမင်းကြီးက အပြစ်ဒဏ်ချမှတ်လိုက်လို့ အပြစ်ပေးနေတာ။ အဲ့ဒီခိုးယူသွားတဲ့ ရတနာကျောက်ကို သူ့အိမ်ခြံ အနောက်တောင်ထောင့်က မြေကြီးတွင်းကြီးထဲမှာ မြှုပ်ထားတယ်တဲ့၊ အဲ့ဒါမင်းလူ့ပြည်ပြန်ရင် အဲ့ဒီရွာက ရွာလူကြီးတွေကို အသိပေးပြီး မူလနေရာ ပြန်ထားပေးလိုက်ပါ” ဟုပြောကြားလိုက်သဖြင့် ထူးသာလည်း စိတ်ထဲတွင် အထပ်ထပ် အခါခါမှတ်သားထားလိုက်လေသည်။
“ဟေ့ကောင်လေး မင်းဟိုဘက်နား တစ်ဆိတ်လောက်သွားကြည့်လိုက်ပါဦး။ အကုသိုလ်အမှုကျူးလွန်ခဲ့တဲ့သူတွေကို တို့ငရဲခန်းတွေက ဘယ်လိုအပြစ်ပေးတယ်ဆိုတာသိရအောင်” ဟု နောက်တစ်ယောက်က ပြောလိုက်၍ တစ်ဖက်သို့ သွားရောက်ကြည့်ရှုရာ အရှင်လတ်လတ် လူများကို စဉ်းတီတုံးပေါ်တွင် ပက်လက်ကြီးလှန်အိပ်ခိုင်း၍ ကိုယ်လုံးကို ဓားမကြီးဖြင့် နှစ်ပိုင်းဖြတ်ကာ ဆူပွက်နေသော ဆီပူအိုးကြီးထဲသို့ ပစ်ထည့်ကာ တံစူးပါးတို့ဖြင့် ထိုးနှစ်လိုက် ပြန်ဖေါ်လိုက်ဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်ကို သွေးပျက်ဖွယ်ရာ တွေ့လိုက်ရ၍ ထူးသာအလွန်အမင်း တုန်လှုပ်ချောက်ချားသွားမိသည်။
ထူးသာသည် ကြောက်မက်ဖွယ်မြင်ကွင်းများကို ဆက်လက်မကြည့်ရဲတော့ဘဲ တစ်ဖက်သို့မျက်နှာမူလိုက်စဉ် တည်ကြည်ခန်းညားလှသော လူကြီးတစ်ယောက်က “မင်းဒီနေရာကို ဘာလာလုပ်တာလဲ” ဟုမေးမြန်းခြင်းခံလိုက်ရသည်။ ထူးသာလဲ အကြောက်လွန်ပြီး ကြောင်စီစီကြီး၇ပ်နေမိသည်။ ထိုအခါလူကြီးကလက်ထဲတွင် ကိုင်ထားသော စာအုပ်ကိုဖွင့်ကြည့်လိုက်ပြီး “ဟာ… ဒီကောင့်အလှည့်မဟုတ်သေးဘူး။ ဒီကောင်က အခုမှ ၁၄နှစ်ပဲရှိသေးတယ် ၅၅နှစ်ကျမှ သူ့အလှည့်ကျမှာကွ။ ဒီကောင့်ကို လူ့ပြည်ပြန်ပို့လိုက်ကြ အပြန်မှာ ကညွတ်ကွင်းက ဦးကောက်ရကို ခေါ်လာခဲ့ သူ့အလှည့်ရောက်ပြီ။ ၃ရက်အတွင်း အရောက်ပြန်လာကြ” ဟု အမိန့်ပေးလိုက်ရာ ဗလကြီးနှစ်ယောက်က ထူးသာကိုဆွဲခေါ်သွားခဲ့သည်။ မိမိအိမ်သို့ပြန်ရောက်ပြီး အိမ်ထဲဝင်မည်ပြုသောအခါ လူမည်းမည်းဘကီးနှစ်ယောက်က ထူးသာကို “အိမ်ထဲမ၀င်ရဘူး” ဟုတားမြစ်ကြလေသည်။ ထူးသာကို လိုက်ပို့ပေးသော လူနှစ်ယောက်က “ဒီလူက အချိန်မကျသေးဘဲ ကျုပ်တို့ငရဲပြည်ကိုရောက်လာတာ သူ့အလှည့်မကျသေးလို့ပြန်လာပို့ရတာပါ။ ၀င်ခွင့်ပြုလိုက်ပါ” ဟုပြောဆိုသောအခါတွင်မှ ထူးသာ အိမ်ထဲသို့ဝင်ခွင့်ရလေသည်။ အိမ်ပေါ်တက်သွားသောအခါ မိမိ၏ ရုပ်အလောင်းအနီးတွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော မိခင်အားတွ့လိုက်ရသည်။ ထူးသာအသုဘပို့ဆောင်ရန်အချိန်နီးကပ်နေပြီဖြစ်၍ လူစတ်ယောက်ကကြေးစည်တစ်ခုကို ကျယ်လောင်စွာထုနှက်နေသည်။
“ဟေ့ကောင်လေး ဘာကြောင်ပြီးကြည့်နေတာလဲ မင်းအလောင်းကို သုသာန်ပို့တော့မယ် ၊ မင်းအချောင်သေသွားလိမ့်မယ် ၊ မင်းကိုယ်ထဲမြန်မြန်ဝင် “ ဟုပြောပြီး နောက်ကနေ တွန်းချလိုက်သည်။
“အမေ…အမေ….ရေ…ရေ…” ဟု အသံယဲ့ယဲ့ဖြင့် ထူးသာရေတောင်းသောက်လိုက်သည်။ “ဟဲ့..ငါ့သားမသေဘူးဟဲ့…မေ့မြောနေတာ ၊ ရေတောင်းသောက်နေတယ် ရေတစ်ခွက် အမြန်ပေးကြပါဦးဟဲ့” ဟုထူးသာအမေက အသုဘလာပို့သော သူများထံသို့ အော်ပြောလိုက်ရာ လူအများ တအံ့တသြဖြင့် ၀ိုင်းဝန်းပြောဆို ကြည့်ရှုပြီး ရေပေးသူကပေးနှင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ထူးသာသတိကောင်းစွာပြန်ရောက်လာသောအခါ သတိမေ့နေစဉ်က ငရဲပြည်ရောက်ခဲ့ကြောင်း ၊ သူ့အလှည့်မဟုတ်သေး၍ ပြန်လာခဲ့ရကြောင်းနှင့် ငရဲထိန်းလူကြီး မှာကြားလိုက်သော ဌာပနာကိစ္စများကို ပြောပြလေသည်။
ထူးသာပြောကြားချက် မှန် မမှန် ဆင်ဇလုပ်ရွာသို့ သွားရောက်စုံစမ်းရာ ဟုတ်မှန်နေကြောင်းသိရပြီး ထူးသာပြောသည့်အတိုင်း အိမ်ခြံတစ်ခြံ အနောက်တောင်ထောင့် မြေကြီးတွင်းထဲမှ သူခိုးသိမ်းဝှက်ခဲ့သော ဘုရားဌာပနာ ကျောက်မျက်ရတနာတစ်လုံးကို ပြန်လည်တူးဖေါ်ရရှိခဲ့ပြီး မူလနေရာသို့ ပြန်လည် ပို့ဆောင်ထားရှိ နိုင်ခဲ့သည်။ ထူးသာသတိရပြီး နောက်၃ရက် အကြာတွင် ကညွတ်ကွင်းမြို့က ဦးကောက်ရမှာ ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက်ကွယ်လွန်သွားကြောင်း ဈေးသည် ဈေးဝယ်များထံမှတဆင့် သိရှိလိုက်ရသည်။
မှတ်ချက်။ ။ ကညွတ်ကွင်းမြို့ စာတိုက်မှ စာပို့လုလင် ဦးအောင်ဝင်း၏ ပြောကြားချက် ဖြစ်ရပ်မှန်။
Crd,,,,မူလရေးသားသူ ဝေဘူစန်း(ကညွတ်ကွင်း)ပြန်လည်ဖေါ်ပြသူ (Zack)
Labels:
သရဲအကြောင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment